International News

လူ့မစင်ကနေ လျှပ်စစ်ဓာတ် ပြန်ထုတ်လုပ်ပေးနိုင်သော အိမ်သာကို တောင်ကိုရီးယား တီထွင်

လူ့မစင်ကနေ လျှပ်စစ်ဓာတ်အားပြန်လည် ထုတ်လုပ်ပေးနိုင်သော အိမ်သာတစ်မျိုးကို တောင်ကိုရီးယားနိုင်ငံ အာလ်ဆန်အမျိုးသားသိပ္ပံနှင့် နည်းပညာတက္ကသိုလ်(Ulsan National Institute of Science and Technology – UNIST) မှ မြို့ပြနှင့် သဘာဝပတ်ဝန်းကျင်အင်ဂျင်နီယာပညာရပ် ပါမောက္ခ ချိုဂျေးဝန်က စမ်းသပ်တီထွင်လိုက်ပါသည်။

အဆိုပါအိမ်သာကို “ဘီးဗီ” (BeeVi) ဟု အမည်ပေးထားပြီး Bee နှင့် Vision အင်္ဂလိပ်ဝေါဟာနှစ်ခုကို တွဲစပ်ထားခြင်းဖြစ်သည်။ ယင်းအိမ်သာကို အာလ်ဆန်တက္ကသိုလ်အတွင်းတွင် စမ်းသပ်တပ်ဆင်ပေးထားပါတယ်။

အိမ်သာတွင်းသို့ရောက်ရှိလာသော မစင်နှင့် ကျင်ငယ်ရည်များမှ မီသိန်းဓာတ်ငွေ့ကိုပြန်လည်ထုတ်လုပ်ကာ ယင်းကို အပူစွမ်းအင်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

လူတစ်ဦးသည် တစ်နေ့လျှင် ၅၀၀ ဂရမ်မျှ အလေးချိန်ရှိသော မစင်ကိုစွန့်လေ့ရှိပြီး၊ ယင်း မစင်ပမာဏကို မီသိန်းဓာတ်ငွေ့အဖြစ်ပြောင်းပါက မီသိန်းဓာတ်ငွေ့ ၅၀ လီတာ ပမာဏကိုရရှိမည်ဖြစ်ကာ ယင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ၅၀၀ ဝပ်ကို ထုတ်လုပ်နိုင်ကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားသည် လျှပ်စစ်ကားတစ်စီးအား တစ်မိုင်၏ ၄ ပုံ ၃ ပုံအဝေးအထိမောင်းနှင်စေနိုင်ကြောင်းကိုလည်း ပါမောက္ခ ချိုဂျေးဝန်က ရှင်းပြပါတယ်။

ပါမောက္ခ ချိုဂျေးဝန်က “ကျွန်တော်တို့ဟာ မစင်ကို ညစ်ပတ်တဲ့အရာတွေလို့ အမြဲထင်ခဲ့ကြပါတယ်။ ခုတော့ အဲဒီမစင်တွေကနေ ငွေပြန်ရဖို့ အခွင့်အလမ်းရှိလာနေပါပြီ”

“နောင်ဆိုရင် အိမ်သာထဲမှာ အပေါ့အပါး အလေးအပင် စွန့်သူတွေဟာ ပိုက်ဆံတွေရလာပါတော့မယ်” ပြောပါသည်။

Leave a Comment

You cannot copy content of this page