ရှေးဆရာတော်ကြီးများနှင့် မြန်မာပြည်မှာ ဗုဒ္ဓသာသနာ နှစ်ပေါင်းထောင်ချီ တည်ရှိလာခဲ့ခြင်း နောက်ကွယ်..
(၁၃-၁-၂၀၂၁) မန္တလေးမြို့မှာရှိတဲ့ နာမည်ကြီးစာသင်တိုက်ကြီးတစ်ခုရဲ့ စာချဆရာတော်တစ်ပါးဖြစ်တော်မူတဲ့ သက်တော် (၇၅) နှစ်၊ ဝါတော် (၅၅) ဝါရှိတဲ့ ဆရာတော်ကြီးတစ်ပါးဟာ ၁၃၈၂-ခုနှစ်၊ပြာသိုလဆန်း (၁) ရက်၊ (၁၃-၁-၂၀၂၁)၊ နံနက် (၀၀:၂၅) မိနစ်အချိန်မှာ ပျံလွန်တော်မူသွားတယ်။ (ကိုဗစ်နဲ့မဟုတ်ပါ)
(၁၃-၁-၂၀၂၁) မှာပဲ ဆရာတော်ကြီးရဲ့ဈာပနပွဲကို အကျဥ်းချုပ်ကျင်းပပြုလုပ်တယ်။ ဒီမြင်ကွင်းတွေကိုကြည့်ပြီး နေထိုင်စဉ်ကာလတစ်လျောက်လုံးနဲ့ ဘဝရဲ့နောက်ဆုံးခရီးမှာပါ ရှေးဆရာတော်ကြီးများရဲ့ ပကာသနမပါ ရိုးရှင်းစွာဖြတ်သန်းမှုကို ရှင်းလင်းပြတ်သားစွာမြင်လိုက်ရတယ်။
ဒီနှစ် (၂၀၂၁ ခုနှစ်) ရောက်မှ အငယ်တန်းစာချဘွဲ့ဆက်ကပ်ခံရတဲ့ ဆရာတော်ကြီးတစ်ပါးဆိုရင် မျက်စိနှစ်လုံးကွယ်သည်အထိပင် နှစ်ပေါင်းများစွာစာသင်စာချပေးနေတဲ့ ဆရာတော်ကြီးတစ်ပါးဖြစ်တယ်။ (ယခုထိ သက်ရှိထင်ရှားရှိဆဲ/စာချဆဲ) အဲ့ဒီစာချဘွဲ့ရတာတောင်.. ဆရာတော်ကြီးတင်လို့ မဟုတ်ဘူး။ သူတို့ဘဝမှာ လောကီလူသားတွေ အထင်ကြီးကြတဲ့ ဘာဘွဲ့/ဘာဂုဏ်ထူးမှ မလိုဘူး။ လူသိဖို့ မလိုဘူး။ လူသိအောင်လည်း မလုပ်ဘူး။ ထင်ရှားဖို့ မလိုဘူး။ ထင်ရှားအောင်လည်း မလုပ်ဘူး။
ဂုဏ်/ ပကာသန/ လာဘ်လာဘကို မစင်ထက် ရွံရှာစက်ဆုပ်တယ်။ စာသင်/ စာချဘဝနဲ့ နှစ်ပေါင်းများစွာ သာသနာပြုလုပ်ငန်းထဲမှာ ဘဝကိုမြုပ်နှံထားတယ်။ ဘဝကိုရိုးရှင်းစွာဖြတ်သန်းတယ်။ ဒီလိုမျိုး.. ဆရာတော်ကြီးတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ အများကြီးရှိသေးတယ်။ ဒီလိုမျိုး.. ဆရာတော်ကြီးတွေကြောင့်လည်း ဗုဒ္ဓသာသနာတော်ဟာ မြန်မာ့မြေမှာ နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့ပါလားဆိုတာကိုပါ တစိမ့်စိမ့်တွေးမိပြီး ကြည်ညိုစိတ်တွေ.. တဖွားဖွားဖြစ်ပေါ်မိတယ်။
နောင်လာနောက်သား မျိုးဆက်သစ်သံဃာများအနေနဲ့ ရှေးဆရာတော်ကြီးများရဲ့ထုံးကို နည်းယူကျင့်သုံးနိုင်ကြရင်ဖြင့် မြန်မာ့မြေမှာ ဗုဒ္ဓသာသနာတော်ဟာ ကမ္ဘာတည်သရွေ့ တည်ရှိနေမည်မှာ အမှန်ပင်ဖြစ်ပါတယ်။
စာချဘုန်းကြီးများကို အစဉ်ထာဝရ.. ဦးခိုက်လျက်.. ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု..
အရှင်တေဇနိယ(မန်းတောင်ခြေ)