Knowledge

မသိ၊ မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ သစ္စာတရားတွေ နဲ့ နှစ်ယောက်လုံး Positive ဖြစ်လို့ ဝမ်းသာမိတဲ့ အဖြစ်

မသိ၊ မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်ယောက်လုံး Positive ဖြစ်လို့ ဝမ်းသာမိတဲ့ အဖြစ်…

စင်တာတစ်ခုလုံးငြိမ်သက်ပြီးကျစ်ရစ်ခဲ့တယ် ။ အခုအချိန်အထိမနားရသေးတာက Volunteer တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပဲ။ မျက်နှာတွေလည်းမကောင်းကြဘူး ကျူဝင်သူရာနဲ့ချီပြီး Positive တွေ့လို့စိတ်ထဲမကောင်းဘူးလို့ပြော တယ် ။ ဒီညတော့သန့်ရှင်းရေးလုပ်ပြီးရင် မနက်ဖြန်ညနေအထိ သူတို့တွေခဏလေးနားပါမယ် ။ နားနေတဲ့အထိ နောက်ဝင်မဲ့သူတွေကလည်းတန်းစီပြီးစောင့်နေတယ် ။

ဆေးရုံကြီးကလည်းဖုန်းတွေ ဝင်နေတယ် နောက်လာမဲ့လူတွေဆေးရုံကြီးမှာ‌ထား ဖို့နေရာအခက်အခဲရှိတဲ့အကြောင်းပေါ့ ။ ဒီကာလဟာအားလုံး ကြိုပြီးမသိ၊ မမြင်နိုင်တဲ့အချိန် ရထားကြီးပေါ်မှာ ကိုဗစ်က ကျနော်တို့အားလုံးကိုတင်ပြီး ရှေ့ကိုမောင်းနှင်နေတယ် ။

ဒီနေ့အတွက်ရင်ထဲအတော်ထိရှတဲ့ ကျူဝင်သူအဖိုးနဲ့အဖွားအကြောင်းပြောပြချင်တယ် ။ အဖိုးနဲ့အဖွားက အသက် ၇၀ ကျော်ပြီဖြစ်တဲ့ ငယ်လင်ငယ်မယားတွေပါ ။ ဇနီးမောင်နှံနှစ်ယောက်လုံး အနံ့မရတော့လို့ ဒီကိုရောက်လာတာ။ အဖွားကတော့ကျန်းမာရေးကောင်းပါရဲ့ ။ အဖိုးကတော့မျက်စီနှစ်ကွင်းလို့ အလင်းမရတော့သလို လမ်းလည်းကောင်းကောင်းမလျှောက်နိုင်ပါဘူး။ ကျူဝင်သူတွေကို ကျား၊ မ ခွဲပြီးထားရပေမဲ့ အဖွားနဲ့အဖိုးကိုတော့ တစ်ခန်းတည်းပဲထားပေးပါတယ်။

အဖိုးရဲ့ စားတာသောက်တာ အိမ်သာသွားတာကအစ အဖွားရဲ့အကူအညီမပါလို့မရသလို အဖွားကလည်း တစ်ခြားသူလက်နဲ့ သူ့လင်သားကိုပြုစုတာ ကိုစိတ်မချဘူး ။ မျက်စီနှစ်ကွင်း အလင်းမရတဲ့အဖိုးဟာ အဖွားကို အတော်ကြီးအားကိုးယုံကြည်ပုံရပါတယ် ။ ကလေး တစ်ယောက်က မိခင်ကိုတွယ်တာပြီး အားကိုးတဲ့ ပုံမျိုးနဲ့ ပြောနေ ဆိုနေတာတွေကိုတွေ့ရတတ်ပါ တယ် ။ ကြင်ကြင်နာနာ ယုယုယယရှိလွန်းတဲ့ သူတို့ လင်းမယားကြား ကျနော်တို့ မသိမမြင်နိုင်တဲ့ ကောင်းတူဆိုးဘက် နေ့တွေ ပျိုနုစဉ်အရွယ်တုန်းက ဘယ်လောက်များများ ရှိခဲ့ပြီးပြီလဲ ။

အဖိုးရော အဖွားရေနှစ်ယောက်လုံးအဖြေက Positive ပါ ။ ကံကောင်းလိုက်တာလို့ ကျနော့စိတ်ထဲတွေးမိတယ် ။ အဖွားတစ်ယောက်တည်း Negative ထွက်တယ်ဆို ကျနော်တို့တွေ အဖိုးကိုဘယ်လိုမျိုးပြောရပါ့ ။ အဖိုးတစ်ယောက်တည်း Positive ထွက်တယ်ဆို အဖွားကိုနားချပြီး ပြန်ပို့ဖို့ ကျနော်တို့တွေ ဘယ်လို တွေလုပ်ရပါ့ ။ အခုတော့နှစ်ယောက်လုံး Positive ထွက်လို့နေရာ ပြောင်းရပါတော့မယ် ။

ကိုရိုနာဗိုင်းရပ်က ဘာဖြစ်တယ် ၊ ဘယ်လိုကြောက်စရာကောင်းတယ်ဆိုတာတွေ အဖိုးရော ၊အဖွားရော ဘယ်သိမှာလဲ ။သူတို့တွေဆီမှာ ဒီပိုးတွေ့တယ်ဆိုတာထက် နေရာခွဲပြီး နေရမှာလားဆိုတဲ့ မေးခွန်းတစ်ခုတည်းပဲ အဖွားကမေးနေတော့တာပါပဲ ။ ကျနော်တို့ဘယ်လို ဖြေရပါ့ ။ အသက်အရွယ်လည်း ကြီးပြီ ၊ ရောဂါအခံတွေလည်းရှိပြီ နှစ်ယောက် လုံးမှာလည်း Positive အဖြေဆိုတာကသေချာပြီ ။

ကားပေါ်မတက်ခင် အဖိုးကခဏလေးနားအုံးမယ် ပြောပြီး အနားကခုတင်လေးပေါ် ခွေခွေလေးခဏ အိပ်နေတယ် ။ ကျောင်းတုန်းကဖတ်ခဲ့ဘူးတဲ့ ဘာသာပြန်ဝတ္ထူလေးတစ်ပုဒ်စိတ်ထဲဝင်လာတယ် ။ ဝတ္ထုလေးနာမည်က နှုတ်ဆက်အနမ်းတဲ့ ။ ရောဂါ သည်အဖိုးကို ပြုစုနေရတဲ့အဖွားကြီးလင်မယား အကြောင်းပါ ။ ရောဂါသည်အဖိုးက အိပ်ယာဝင်ချိန်ဆိုအဖွားကို နမ်းပြီးမှအိပ်ယာဝင်လေ့ရှိတယ် ။ ငယ်ရည်းစား ဘဝ ၊ နောက်တော့အိမ်ထောင်ရှင်ဘဝရောက်တဲ့အထိ အမြဲတမ်း နမ်းလေ့ရှိတဲ့ ပြုမြဲအလေ့အကျင် တစ်ခုပေါ့ ။ နောက်ဆုံးနာမကျန်းဖြစ်လို့ အိပ်ယာအပေါ်လဲနေတဲ့အထိ ။ ဒီလိုနဲ့ ညလေးတစ်ညမှာ အဖိုးဟာရောဂါ သည်းလာပြီး အဖွားကိုတစ်ယောက်တည်းထား သွားခဲ့တယ် ။ အဖွားကသတိရတိုင်းပြောလေ့ရှိတဲ့ အဖိုးနမ်းသွား တဲ့ နှုတ်ဆက်အနမ်းအကြောင်းပေါ့ ။

ဒီညအတွက်တော့ ဒါပါပဲဗျာ ။ အဖွားနဲ့အဖိုးအတွက် ဆုတောင်းပါတယ် ။ ကျနော်တို့တွေ မသိ၊ မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ ၊ သစ္စာတရားတွေကို တိုင်တည်ရင်း ဒီညအတွက်တော့ ဒါပါပဲဗျာ…။ (Ko Zay Ko Ko)

Leave a Comment

You cannot copy content of this page