ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး ခန့်မှန်းလို့ မရတဲ့ YBS ပေါ်က ခါးပတ်နှိုက်အဖွဲ့

ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး လုံးဝ ခန့်မှန်းလို့မရတဲ့ YBS ပေါ်က အဆင့်မြင့် ခါးပတ်နှိုက်အဖွဲ့..

ကျွန်မက နေ့စဉ် Bus စီးပြီး အလုပ်သွားရပါတယ်။ အရင်ကတော့ အလုပ်က အပြန်ဆို အတူပြန်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှိတယ်.. သူက အင်းစိန်ဈေးနားမှာနေတော့ နံပါတ် ၆ ကားတမျိုးပဲ စီးလို့ရတယ်.. သူက အမြဲသတိပေးခဲ့ပါတယ်၊ နံပါတ် ၆ ကားကို စီးရင် ခါးပိုက်နှိုက်သတိထားပါ တဲ့၊ တစီးတည်းတင် ၂ ဖွဲ့ ပါလာတာတွေ ရှိတတ်တယ်တဲ့။

အဲ့ကတည်းက ကျွန်မ အတတ်နိုင်ဆုံး အဲ့နံပါတ် ၆ ကားကို အတတ်နိုင်ဆုံး ရှောင်စီးပါတယ်၊ တရက်တော့ ၇၉ စီးပြီး စာတိုက်ကို လာတယ်၊ ရုံးက ကားအလာကို မှတ်တိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေတာပေါ့.. အဲ့အချိန်မှာပဲ နံပါတ် ၆ တစီး ရပ်လာတယ်၊ လူတယောက် ကျောပိုးအိတ်နဲ့ ဆင်းလာတယ်။ သူ့အနောက်မှာ လူ ၅ ယောက် ဆင်းလာတယ်၊ တယောက်က ဘောင်းဘီရှည်နဲ့ ကျန်တဲ့သူ ၄ ယောက်က စတစ်ကော်လာအဖြူနဲ့ ပုဆိုးနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားထားကြပါတယ်၊

အဲ့ထဲက ဘောင်းဘီနဲ့လူက သူ့ ဖုန်း အခိုးခံရပါတယ်၊ ရှေ့က ဆင်းသွားတဲသူ နှိုက်ပါတယ် လို့ပြောတယ်။ အဲ့မှာပဲ ကျန်တဲ့ ၄ ယောက်ထဲက တယောက်က လမ်းမပေါ်ကို ဖုန်းတလုံး မသိမသာ ပစ်ချပြီး ဒါ မဟုတ်ဘူးလား လို့မေးတယ်၊ အဲ့သည့်အချိန်မှာ တကယ်ယူသွားတဲ့သူက တဖက်ကို လမ်းကူးသွားတာ လမ်းလည်ကျွန်းကို ရောက်နေပြီ၊ ဖုန်းပိုင်ရှင်ကလည်း ရှေ့ကလူ ယူသွားတာပါ ဆိုပြီး လမ်းလိုက်ကူးဖို့ လုပ်ပေမယ့် ကျန်ခဲ့တဲ့ ၄ ယောက်က ဝိုင်းကာထားပြီး အိတ်ထဲသေချာပြန်စစ်ဖို့၊ မဟုတ်ဘဲ မစွပ်စွဲဖို့တွေပြောပြီး တဖက်လူ ပြေးလို့ရအောင် အချိန်ဆွဲပေးပါတယ်။

ဖုန်းယူသွားတဲ့သူက လမ်းတဖက်လည်းရောက်ရော Taxi တစီးကို လက်တားပြီး ချက်ချင်းထွက်သွားပါတယ်၊ ဈေးစကားပြောတာ စစ်တာတောင် မရှိ ချက်ချင်း ထွက်သွားတာပါ။ Taxi လည်း ထွက်သွားရော ဝိုင်းထားတဲ့ ၄ ယောက်ကလည်း ဖုန်းပိုင်ရှင်ကောင်လေးနားကနေ အလျိုလျိုထွက်သွားပြီး အနောက်ကို ပြန်လျောက်သွားကြပါတယ်။

ဖုန်းပိုင်ရှင်ကောင်လေးက ယူတဲ့သူကို သိလျက်နဲ့ ဘာမှ မလုပ်နိုင်လို့ စိတ်တွေတိုပြီး ကျောပိုးအိတ်ကို လွှင့်ပစ်ပြီး ငူငူကြီး ရပ်နေပါတယ်.. ပြည့်စုံတဲ့ပုံ မရှိတဲ့သူမို့ သည်ဖုန်းတလုံးအတွက် သူဘယ်လောက်တောင် ပြန်ရှာရမလဲ တွေးကြည့်ရင်ကို စိတ်မကောင်းစရာပါ။

ခဏနေတော့ Taxi တစီး ကျွန်မတို့ရှေ့က ဖြတ်သွားပါတယ်၊ ကားပေါ်မှာတော့ ခုနက လူ ၅ ယောက် ပါလာပါတယ်။ ဆိုလိုချင်တာက ခါးအဖွဲ့က အဖွဲ့လိုက် လှုပ်ရှားပါတယ်၊ တဖက်ကို အာရုံလွှဲပြီး လှုပ်ရှားကြပါတယ်၊ နောက်တခုက ရုပ်ရည်သွင်ပြင်၊ ဝတ်စားတာနဲ့လည်း မဆိုင်ပါဘူး၊ အခုမြင်လိုက်ရတဲ့အဖွဲ့ဆို တကယ့်ကို သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့် ဝတ်စားထားပါတယ်။

လှိုင်သာယာဘက်က ကားတွေပေါ်မှာ လက်လုပ်လက်စားနဲ့ အလုပ်ကြမ်းလုပ်တဲ့သူတွေ အများစုပါပါတယ်၊ မနက် Bus စီးရင် သူတို့နဲ့အတူ ခြေနင်းခုံမှာ တိုးဝှေ့စီးရတဲ့ရက်တွေရှိခဲ့ပါတယ်၊ အဲ့လိုအချိန်တိုင်း ကိုယ့်ကို လုံခြုံအောင် သူတို့ကူညီပေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီးတော့ ခါးပိုက်နှိုက်ကို ခန့်မှန်းမရနိုင်တာမို့ မိမိပိုင်ဆိုင်မှုတွေရဲ့ လုံခြုံရေးကို မိမိကိုယ်တိုင်ကသာ အဓိက ကာကွယ်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုပါတယ်။ (Su lei Win)

Leave a Reply

Your email address will not be published. Required fields are marked *