“ဥပေက္ခာတရားတို့ရဲ့ အမေ့အလျော့ခံ”
တိမ်တောက်ချိန်ဆိုတာ အကျည်းတန်တဲ့သူတောင် လှတယ်လို့ ဆိုရိုး စကားရှိလေသည်.. တိမ်တောင်ချိန်ဆိုသည်မှာ တနေ့တာရဲ့ နောက်ဆုံး ဆည်းဆာချိန်လေးကိုခေါ်တာပါ.. နေမင်းက လောကကြီးကို အပူနှင့်အလင်းကို ဆောင်ကျဉ်းခဲ့လေပြီ.. သူရဲ့တနေ့တာ နှုတ်ဆက်ချိန် ညနေခင်းလေးမှာ ကောင်းကင်တခွင်လုံး နီသော ဝါသော လိမ္မော်သော ခရမ်းသော မရမ်းသော ပြာသော အရောင်တွေကစုံလို့နေပါတယ်..
တိမ်ရဲ့သဏ္ဉန်တွေကလည်း တိမ်တောင်တိမ်လိပ် တိမ်မျှင်တွေကလည်း သဏ္ဉန်အမျိုးမျိုး ဟန်အမျိုးမျိုးဖြင့် ယှက်သန်းလို့နေပါတော့တယ်.. လောကတခွင်သည် လှချင်တိုင်းလှနေသည် ဒီသဘာဝတွေအလှတွေ ငေးမောရင်းခဏတာ အချိန်လေးအတွင်းမှာဘဲ နေမင်းကြီးက အနောက်ဂေါယာကျွန်းဆီမေးတင်ပျောက်ဆုံးသွားပါပြီ.. အမှောင်ကမ္ဘာထဲ ကျွန်တော်တို့ကို ချန်ထားခဲ့လေပြီ..
ဒါပေမယ့် ဒီလိုအလှအပတွေ ခံစားငေးမောနိုင်မယ့်အခွင့်အရေးတွေ နောက်တနေ့ မနက်ဖြန်မှာကြုံနိုင်သေးတယ်.. နောက်တကြိမ် နောက်တခါ အကြိမ်ကြိမ်အခါခါ အခွင့်ရေးတွေရနိုင်ပါသေးတယ်.. လူမျိုးတမျိုးရဲ့အဆင့်အတန်းဆိုတာ ယဉ်ကျေးမှုနှင့် ချိန်ထိုးရလေသည်.. ကျွန်တော်တို့မြန်မာတွေရဲ့ ယဉ်းကျေးမှုသမိုင်း အမွေအနှစ်တွေကို ဘုရားကျောင်းကန်တို့ မှာထားရစ်ခဲ့ပါတယ်.. အနုပညာလက်ရာများစုစည်းရာ ပန်းချီ ပန်းပု ပန်းတမော့ ကျောက်ဆစ် ပိသုကာ လက်သမား ပန်းရံလက်ရာအစုံစုံတို့ စုဝေးနေရာတည်း မနေ့က ကျွန်တော်ရောက်ခဲ့သည့် မော်လမြိုင်မြို့ ပဓါနိကာရုံဘုန်းတော်ကြီးကျောင်းမှာ ရှေးဟောင်းဘုန်းကြီးကျောင်းဖြစ်သည်..
ပြသာဒ် ကနုတ်ပန်းဆွဲ ဘုံအဆင့်ဆင့်ဖြင့် ရင်သပ်ရှုမောလှနိုင်လွန်းပါတယ်.. ဒါပေမယ့် လူသူမနီးတောတောင်အလယ် ပျက်စီးယိုယွင်းနေလေတော့တယ်.. ကနုတ်တွေကလည်းမြေခ အမိုးတွေကလည်း ရေမလုံ မျက်နာကျက်တွေက အပြိုပြို ကျောင်းဆောင်တွေကလည်း အပျက်ပျက် နှမြှောစရာ ကြေကွဲစရာမြင်ကွင်းတည်း ဘုံအဆင့်မှာရေးထိုးထားတဲ့ ၁၂? ၇ ခုနှစ်ကအစ ? နေရာသည် သုညလား တစ်လား ရှစ်လား ဝေဝါးစေခဲ့ပါသည်..
ဒါပေမယ့် အောက်ခြေမှာရေးထိုးထားသည့်ကျောက်စာနှင့် အခြားအဆောင်တစ်ခုမှာရေးထိုးထားသည့် အင်္ဂလိပ်သက္ကရာဇ်တို့နှင့် နှိုင်းယှဉ်သော် ၁၂၈၇ ခုနှစ်ဖြစ်နိုင်ပါတယ်.. ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဒီလိုရှေးဟောင်းဘုန်းတော်ကြီးကျောင်းများကို ထိမ်းသိမ်းသင့်သည်မှာ မှန်သော်လည်း မည်သူက တာဝန်ယူမည်မှန်း မသိနိုင်သေး ကူသူကယ်သူဝေးနေဆဲဖြစ်သည်..
အပြန်ခရီးအထွက် ဆရာတော်ကို နှုတ်ဆက်စကား ဆိုတော့ ဒီကျောင်းတော်ကြီးမှာ ဆရာတော်ခုနှစ်ဆက်ရှိခဲ့ပြီ ဖြစ်ကြောင်း.. ရှေးဆရာတော်အဆက်ဆက်က လှပတင့်တယ်ခဲ့သော ရွှေရောင်ဝင်းဝခဲ့သော ဂုဏ်ရှိန်ဝါထွန်းပြောင်ခဲ့သော ကျောင်းကြီးမှာ သူလက်ထက်မှာ ညိုးငယ်ခဲ့ရသည့်အတွက် ဝမ်းနည်းစကားဆိုလေသည်.. အနည်းဆုံး ထုံးလေး ဆေးလေးတောင် မသုတ်နိုင်သည့်အဖြစ်အတွက် စိတ်မကောင်း စကားဆိုရှာသည်..
ကျောင်းဝင်းကြီးအတွင်း လွန်ခဲ့နှစ်နှစ်ရာကျော်က ဘုန်းကြီးကျောင်းရှိခဲ့ဘူးသောလည်း ယခုအခါ ပျက်စီးပျောက်ကွယ်ခဲ့သည်ဟု မိန့်ဆိုခဲ့လေသည်.. ဆည်းဆာအလှငေးမောရင်း မျက်စီအောက်မှာပင် အလှနှင့်အလင်းတို့ ကွယ်ပျောက်တော့မည်.. ဒါပေမယ့် နောက်တနေ့ နောက်တခါ နောက်တကြိမ်အခွင့်အရေးက ကျွန်တော်တို့ကျန်နေသေးသည်.. မျှော်လင့်ခွင့်ရှိသေးသည်..
မြန်မာနိုင်ငံအတွင်းရှိနေသော ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များသည် ထိမ်းသိမ်းသင့်သည် စောင့်ရှောက်သင့်သည်မှာ မှန်သည်.. တာဝန်ယူမှု တာဝန်ခံမရှိသည့်အခြေအနေ သမိုင်းမသိသူများ တန်ဖိုးမထားတတ်သူများရဲ့ ဥပေက္ခာတရားတို့အလယ် ကမ္ဘာမြေပေါ်မှ မြန်မာယဉ်ကျေးမှုအမွေအနှစ်များ မကြာခင်အပြီးတိုင် ပျောက်ဆုံးသွားပေတော့မည်.. နောက်တကြိမ်နောက်တခါဆိုသည့်အခွင့်အရေးကို မျှော်လင့်ခွင့်ရတော့မည်မဟုတ်ပေ.. ကောင်းသောချစ်ခြင်းများစွာဖြင့် (Thaw Tar)