စိုက်ပျိုးထားတဲ့ ခရမ်းချဉ်သီးတွေ စျေးမကောင်းလို့ ချောင်းထဲ လွှင့်ပစ်လိုက်ရတယ် ဆိုသူများအတွက် “ခရမ်းချဉ်သီးအခြောက် ပြုလုပ်နည်း”
ခရမ်းချဉ်ပေါတဲ့ရာသီမှာ ခရမ်းချဉ်သီးအခြောက် လုပ်ထားသင့်ပါတယ်။ မရမ်းသီးအခြောက် လှမ်းထားသလိုပေါ့။ တောင်သူတွေအနေနဲ့လည်း ရောင်းမကုန်မယ့်အတူတူ အခြောက်လုပ်ထားတာက စျေးကွက်သစ်ကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။
ဘာပဲလုပ်လုပ် သန့်ရှင်းပြီး ကျန်းမာရေးနဲ့အညီဖြစ်စေဖို့ သတိပြုပြီး လုပ်ကိုင်စေချင်ပါတယ်။ ရောင်းသူနဲ့ဝယ်သူက အပြန်အလှန် မှီခိုနေကြရတာ မဟုတ်လား။ သဲတရှပ်ရှပ်နဲ့ စားစရာတွေ အမှိုက်ပါလာတဲ့ စားစရာဆိုလည်း ကိုယ့်အနေနဲ့လည်း သဘောမကျဘူး မဟုတ်လား။ ကဲထားပါတော့။ ခရမ်းချဉ်အခြောက်ကို ဆက်လုပ်ကြပါစို့။
ခရမ်းချဉ်သီးအခြောက် လုပ်တော့မယ်ဆိုရင် ခရမ်းချဉ်တစ်ပိသာကို ထုံး (အသင့်စားထုံး) ၂ ကျပ်သား နဲ့ KMS (၀.၀၅) ကျပ်သား ထည့်ပေးဖို့လိုပါတယ်။
ဘယ်လို လုပ်ရမလဲဆိုတော့.. အသီးတွေကို ရေသန့်သန့်လေးနဲ့ဆေးလိုက်ပါ။ ဆေးပြီးတော့ အညှာကိုဖယ်ပေါ့။ ပြီးတော့ အညှာကို အကွင်းလိုက် ဖယ်ထုတ်၊ အလုံးကို ထက်ခြမ်းခြမ်းပြီး အစေ့တွေဖယ်လိုက်ပါ။ ဒါတွေလုပ်ပြီးရင် ထုံးရည်ကြည်မှာ တစ်နာရီခွဲ စိမ်ပေးပါ။ ထုံးရည်ကြည်စိမ်ပြီးရင် ထုံးတွေ ပါမလာအောင် ရေနဲ့ ၃ ကြိမ်ဆေးပေးပါ။ ၃ ကြိမ်ဆေးပြီးရင်တော့ ရေစစ်ပေးပါ။ ရေစစ်ပြီး KMS ကို သတ်မှတ်အချိုးအတိုင်း ထည့်နယ်ပေးပါ။ ဒီလုပ်ငန်းစဉ်တွေပြီးရင်တော့ အခြောက်ခံနိုင်ပါပြီ။
နေနဲ့လှမ်းရင် ၄ ရက်ကနေ ၈ ရက်ခန့်ကြာပါမယ်။ စက်နဲ့ အခြောက်ခံခဲ့ရင် ၈၀ – ၉၀ ဒီဂရီစင်တီဂရိတ် ဆိုရင် ၉ နာရီကြာပါမယ်။ ခရမ်းချဉ်သီးရဲ့ ၈၃ ရာခိုင်နှုန်းက ရေဖြစ်ပါတယ်။ ထုံးရည်ကြည်စိမ်ရာမှာ ထုံးရေကြည်သာ ဖြစ်ဖို့လိုပါတယ်။ ထုံးအနှစ်တွေ လုံးဝပါမလာစေဖို့ သတိထားသင့်ပါတယ်။ ကိုင်တွယ်တဲ့လက်လေးလည်း သန့်ပါစေနော်။ အခြောက်လှန်းခန်းကို သီးသန့်ဖိနပ်နဲ့ဝင်ပေးပါ။
အခြောက်ခံမယ်ဆိုရင်တော့ အသီးတွေ အပြည့်အဝ ရင့်မှည့်မှသာ ခူးဆွတ်သင့်ပါတယ်။ ရင့်မှည့်အသီးတွေကို ရွေးချယ် ခူးဆွတ်ခြင်းပြုလုပ်ပြီးပါက အထက်ပါအတိုင်း စနစ်တကျ လုပ်ဆောင်ဖို့လိုပါမယ်။
အခြောက်မလှန်းခင် လုပ်ဆောင်ရမှာတွေ လုပ်ပြီးပြီဆိုရင်တော့ အသီးတွေကို နေရောင်နဲ့ အခြောက်လှန်းခြင်း၊ ထမင်းမီးသွေးနဲ့ အခြောက်လှန်းခြင်း အပြင် စပါးခွံ မီးဖိုသုံးအခြောက်လှန်းခြင်း၊ လျှပ်စစ်စွမ်းအင်နဲ့ ဂတ်စ် စတာတွေ အသုံးပြုပြီး အခြောက်လှန်ခြင်းတို့ အထဲက ကိုယ်အဆင်ပြေနိုင်မယ့်နည်းလမ်းနဲ့ ဆောင်ရွက်နိုင်ပါတယ်။ လျှပ်စစ်စွမ်းအင်သုံး သီးနှံအခြောက်ခံစက်တိုင်းကိုလည်း အသုံးပြုနိုင်ပါတယ်။
နေရောင်ကောင်းစွာရပြီး နေရာပေါရင်တော့ နေနဲ့ လှန်းပါ ကုန်ကျစရိတ်သက်သာပါတယ်။
အခြောက်ခံခြင်း.. အခြောက်ခံခြင်းအဆင့်က အရည်အသွေးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အရောင်နဲ့ အနံ့၊ အရသာဆုံးရှုံးမှု မဖြစ်စေရန် ခူးဆွတ်ပြီး ရွေးချယ် အခြောက်ခံရန် အရေးကြီးပါတယ်။ အခြောက်ခံစက်နဲ့ အခြောက်ခံရာမှာ အပူချိန်က ၈၀ – ၉၀ ဒီဂရီစင်တီဂရိတ် ထားပါက ၉ နာရီအထိ အခြောက်ခံရမှာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးရဲ့ ၈၃ % ဟာ ရေဓာတ်ဖြစ်ပါတယ်။ အကယ်၍ အခြောက်ခံချိန်ကြာမြင့်ပါက မှိုများစွဲကပ်နိုင်ပါတယ်။ လုပ်ငန်းအရွယ်အစားနှင့် ဒေသမိုးလေဝသ အခြေအနေပေါ်မှုတည်၍ အခြောက်ခံသည့်နည်းလမ်းများစွာရှိပါတယ်။
“နေပူလှန်းခြင်းဖြင့် အခြောက်ခံခြင်း”
ကွန်ကရစ်ကြမ်းခင်း သို့မဟုတ် ဆင့်များပြုလုပ်ပြီး နေအပူကို အသုံးပြုကာ အခြောက်ခံကြခြင်းဖြစ်ပါတယ်။ ဒီလို အခြောက်ခံရာမှာ မူလအရောင်အား ထိန်းတားနိုင်ရန် နေရောင်ခြည်ကို တိုက်ရိုက်မကျရောက်စေဘဲ ပလပ်စတစ်အမိုးအကာတွေနဲ့ အခြောက်ခံသင့်ပါတယ်။
ဖုန်နဲ့ အမှိုက်တွေ မဝင်တော့သလို နေရောင်အပူပြင်းပါက အရောင်မှိန်သွားနိုင်တာကိုလည်း ကာကွယ်ပြီးးဖြစ်ပါမယ်။ နေပူလှန်းခြင်းဟာ အရိုးရှင်းဆုံးနဲ့ စရိတ်အသက်သာဆုံးနည်းလမ်းဖြစ်ပါတယ်။ အရည်အသွေးအကောင်းဆုံးကိုတော့ မရရှိနိုင်ပါ။ ဒီနည်းလမ်းကတော့ ခြောက်သွေ့ပြီး အပူချိန်များတဲ့ ရာသီဥတုရှိတဲ့ ဒေသတွေမှာ အထူးသင့်လျှော်ပါတယ်။
“ထင်းမီးဖြင့် အခြောက်ခံခြင်း”
အလုံးစုံခြောက်သွေ့ရန် နာရီပေါင်းအတော် ကြာမြင့်ပါတယ်။ ဒီလိုအခြောက်ခံရာမှာ မီးခိုးနံ့တွေ စွဲကပ်သွားပြီး အနံ့ အသက်မကောင်းတော့ပါ။ ခြောက်သွေ့မှုမှာ ညီညာမှုမရှိဘဲ တူးခြစ်ခြင်း၊ မီးခိုးနံ့ နံခြင်းတွေ ဖြစ်စေပြီး အရည်အသွေးကို ထိခိုက်စေပါတယ်။ အခြောက်ခံနေစဉ် မီးတောက်တွေ မများစေရန် ထိန်းညှိပေးရခြင်း၊ အပေါ်အောက် လှန်ပေးရခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ ထင်းမီးနဲ့ အခြောက်ခံပါက အရည်အသွေးကောင်းတဲ့ ဖာလာတွေ မရရှိနိုင်ပါ။
“လျှပ်စစ် (သို့) သဘာဝဓာတ်ငွေ့သုံး အခြောက်ခံစက်ဖြင့် အခြောက်ခံခြင်း”
ပမာဏများစွာကို အခြောက်ခံရာမှာ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပြီး အခြောက်ခံချိန်မှာ ရာသီဥတုကို ထည့်သွင်းစဉ်းစားဖို့ သိပ်မလိုအပ်ပါဘူး။ လုပ်ငန်းသုံးအတွက် အထူးသင့်လျှော်ပါတယ်။ အခြောက်ခံတဲ့နည်းလမ်းတွေထဲမှာတော့ ကုန်ကျစရိတ် အများဆုံးဖြစ်ပေမဲ့ အရည်အသွေးအကောင်းဆုံးကို ရရှိစေပါတယ်။ အခြောက်ခံရာမှာ အပူချိန် ၈၀-၉၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်လွန်ရန် အထူး သတိပြုရမှာဖြစ်ပါတယ်။